top of page
Search

MAN ကားကြီးတွေမှာ ဘက်ထရီမှားထောက်မိရင်

Updated: Oct 14, 2019

တစ်နေ့သ၌ ကျွန်တော် ကိုရစ်ကီကျော်သည် ရန်ကုန် ဘုရင့်နောင်ဘက်ရှိ ခြံကြီးတစ်ခြံ၌ MAN TGX များ ကိုပြုပြင်နေတုန်း ယာဉ်မောင်း တစ်ဦးမှဖုန်းဆက်လာလေသည်။

ဆရာရစ်ကီကျော်ရေ ကျနော့် MAN ဂီယာထိုးမရတော့လို့ မနက်ကမှရသေးတယ် ခုမှဘာဖြစ်မှန်းမသိဘူး ကူညီပါဦး လို့ မမြလေး အသံနဲ့ဖုန်းဆက်တယ်။ လိုအပ်တာတွေမေးတယ်ဖုန်းထဲက ….

ကဲပါ ကားဆရာလေးရယ် ဘယ်မှာတုန်း ခင်ဗျားတို့ကားက … ဗိုလ်တထောင် စည်ပင်ဝင်းမှာ …

အိုကေလေ ကိုယ်တို့ ရုံးခန်းကလည်း ဗိုလ်တထောင် ၅၂လမ်းမှာမို့ အဲ့ဒီကိုပြန်လာရမှာ…

ဝင်ကြည့်ပေးမယ်လေ …

ဆားပုလင်းနှင်းမောင်လေသံနဲ့ မမြလေးကိုချော့မော့မေးကြည့်တော့ …

ဘက်ထရီခနခနဒေါင်းလို့ ဒိုင်နမိုဆရာနဲ့ ဘောက်ဆရာ ခေါ်ပြတာ စမ်းရင်းနဲ့ မှားတပ်မိတာပါတဲ့ …

ဘောက်ဆရာကပြောတယ် အင်ဂျင်ဘောက်လစ်ပြီတဲ့ ရှိသမျှဘောက် အစုံလိုက်လဲရတော့မယ်ပြောလို့ …

ကားဆရာအသံတိမ်ဝင်သွားတယ် …

ဖြစ်တတ်ပါတယ် ယူရိုကလာတဲ့ ဘက်ထရီငုတ်က လက်ရှိဈေးကွက်ထဲက ဘက်ထရီငုတ်တွေနဲ့ ဆင်သယောင် အလှည့်တူသယောင်ရှိတတ်လို့ပါ …

ကဲ… တပည့်ကျော်တို့ရေ စစ်နေကျအတိုင်း စစ်လိုက်ကြပါအုံး ...

တစ်ယောက်က အင်ဂျင်ဘောက်ဘေး ရှေ့ဘီးနောက်မှာ၊ နောက်တယောက်က ခေါင်းခန်းထဲ ဒတ်ရှ်ဘုတ်လှန်ပြီးအသင့် …

ခေါင်းညိတ်ပြလိုက်တယ် …

အပေါ်ကတစ်ယောက်က ဆရာ ဂီယာဘောက် GECU Module မတွေ့ဘူး …

အောက်ကတစ်ယောက်က ဆရာ Primary Main Fuse 40 Amp ရယ် 100 Amp ရယ်

၂လုံး ပျက်နေတယ် …


ခုံလွတ်များစွာပါတဲ့ အေးစိမ့်နေတဲ့ YBS Bus တစ်စီး ကိုယ့်နှုတ်ခမ်းပေါ် ဖြတ်မောင်းသွားတယ် …


တပည့်ရေ GECU ဆိုတာ Primary ECU မဟုတ်ဘူး Secondary ECU သာဖြစ်တယ် …

ဖြစ်မယ့်ဖြစ်တော့ Primary ECU သာဖြစ်နိုင်တယ် … GECU ရဲ့ Primary က ဘာလဲကွဲ့ …


ကားပေါ်ရော အောက်ကပါ ပြန်ဖြေတယ် ZBR2 …


ပြီးတော့ Primary Main 40 / 100 Amp Fuse က ဘာလို့ နှစ်လုံး စလုံးပျက်သွားရတာလဲတွေးပါဦးလေ … ဘက်ထရီမှားထောက်ရုံနဲ့ တော့ဖြစ်လောက်စရာမရှိဘူးမလား …


တပည့်ကျော်က အားရပါးရအော်ပြောတယ် … မသိဘူး ပြောပြပါ …


အားတက်စရာမဟုတ်ပေမယ့် … မသိတာကိုပြောပြပေးရတာ နှစ်သက်စရာဖြစ်တယ် …

Main Fuse ၂လုံးမှာ တစ်လုံးက အင်ဂျင်ဘောက် …

နောက်တစ်လုံးက Alternator Charging …


ဒီလိုဖြစ်နိုင်တယ်ကွ … အရင်ကတည်းက Alternator Charging 100 Amp Fuse ကပြတ်နေပုံရတယ် …

ဒီတော့ Battery Charging မဝင်တော့တာကနေ … စမ်းရင်း ထောက်နိုးရင်းနဲ့ အင်ဂျင်ဘောက် Main 40 Amp Fuse ပါ ပြတ်သွားပုံရတယ် … ဒီ Fuse ပြတ်ရင် အဖော်ခေါ်သွားတတ်တာက ZBR2 …

ZBR မှာ Sub Modules တွေရှိတယ် အဲ့ဒီ့ထဲက GECU Control Module ပျက်သွားတာဖြစ်ပါလိမ့်မယ် …

ဒီတော့ GECU အဝင်ကြိုးတွေအကုန်ချရေး ပြီးတော့ ZBR အထွက်ကြိုးတွေမှာစစ် … ကြိုးအခြေဆားကစ်ထိလိုက်ရင် မင်းတွေ့ကိုတွေ့ ရမှာပဲလေ …


ပြိုင်တူအော်ကြတယ် … တွေ့ပြီဆရာရေ …

ဆရာကြိုက်တဲ့ ဗိုလ်တထောင် စည်ပင်ကားဝင်းက ကလားလေး ဆမူဆာသုတ် … လှည်းကလေးနဲ့လေ …

တော်ထှာ ကွယ် … အလိုက်သိလိုက်ကြတာ …

အပြစ်တွေ့ပြီဆိုတော့ ကားဆရာတို့ မှတ်သားထားရမှာက ..

(၁) ဘက်ထရီငုတ်မမှားဖို့အထူးသတိထားရပါမယ်၊

(၂) မှားထိမိ ထောက်မိတယ်ဆိုရင် ချက်ချင်း ပြန်ဖြုတ်လိုက်ဖို့၊ (၃) Engine Control Fuse တွေကို သူ့သတ်မှတ်ထားတဲ့ခံနိုင်အား အမ်ပီယာ အတိုင်းသာ တပ်ဆင်ဖို့၊

(၄) မှားထောက်မိတာသိပြီး ပုံမှန်ပြန်တပ်ပြီးသော်လည်း အင်ဂျင်ချက်ချင်းပြန်မနိုးပါနဲ့အုံး၊

(၅) Fuse Control Center မှာ တပ်ထားတဲ့ Fuse နဲ့ Relay တွေအကုန်တခုမကျန် စစ်ပြီး၊ ရှော့လုံး၀ကင်းမှသာ ဘက်ထရီငုတ်အမှန်တပ်ပြီး စက်မနိုးပဲ၊ Secondary ECU / Primary ECU / Support ECU အဆင့်ဆင့်အတိုင်း Diagnostic ပြန်စမ်းကြည့်သင့်ပါတယ်။

(၆) ပုံမှန် MAN ကားတစီးမှာ စက်နိုးစ လီဘာမနင်းပဲ Idle Engine Speed နဲ့ ဒိုင်နမိုထွက်အား 26v-27.7v ရှိနေရပြီး လီဘာ RPM1600-2000 နင်းရင် 28v-28.4 ထိသာရှိရပါမယ်။ အချို့ ပြန်ပြင်ထားတဲ့ ဒိုင်နမိုတွေမှာ မီးထွက်အား မမှန်တာမျိုးရှိတတ်လို့ အထူးသတိထားရပါမယ်။

ဒီကားမှာတော့ အင်ဂျင်ဖြု ပြတ်လို့သာ အင်ဂျင်ဘောက်မထိတာမို့ ကံဆိုးကံကောင်းဖြစ်တယ်ဆိုရပါမယ်။ ခုတော့ ရှော့ဝင်ပျက်သွားတဲ့ ZBR လို့ခေါ်တဲ့ Secondary Electrical Control ECU ၁လုံးသာလဲလိုက် ရပါတယ်။ လဲပြီးရင်တော့ ထုံးစံအတိုင်း ပရိုဂရမ်ပြန်ရေးပေးမှသာ အပြည့်ဝ အလုပ်လုပ်ပါလိမ့်မယ်။ ပရိုဂရမ်ပြန်ရေးပြီးရင်တော့ ZBR Control Diagram အတိုင်း ဆက်စပ်စနစ်များကို Calibration အဆင့်ဆင့်လုပ်ရင် အကောင်းပကတိပြန်ဖြစ်ပါပြီ။


ZBR ကိစ္စ အိုကေပီဆိုရင် တပည့်တို့ရေ …


ကိုယ်က နေညိုလာပြီဆိုရင်လေပြို … စနေထောင့်က လေအောင့်တတ်လို့ …

ရန်ကုန်ရောက်တုန်း … ရေဒီယိုဘားက စနေထောင့်မှာ …


ရင်နဲ့ရင်းတဲ့

ကိုရစ်ကီကျော်

မြန်မာမော်တော်

၀၉-၇၈ ၅၅၅ ၉၁၁၉



500 views0 comments

Yorumlar


bottom of page