top of page
Search

VOLVO ကားကြီးတွေမှာ ဘက်ထရီမှားထောက်ရင်

တစ်နေ့သ၌ ကျွန်တော် ကိုရစ်ကီကျော်သည် ရန်ကုန် VIP Service အုံနာတစ်ဦး အတွက် အလုံစည်ပင် ကွန်တိန်နာကားဝင်းကြီး၌ MAN TGA များ ကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရန် စက်ထိုးစစ်ဆေးနေတုန်း အုံနာ တစ်ဦးမှဖုန်းဆက်လာလေသည်။


ဆရာ ကိုရစ်ကီကျော်လားဗျာ .. မိတ်ဆွေတယောက်ကဖုန်းနံပတ်ပေးလို့ပါ … ကျွန်တော့် Volvo ဂျပန်ခေါင်းလေး အခုစက်နိုးမရတော့လို့ပါ …

ရပ်ထားတာ ၂ပတ်ရှိပြီဗျ … ရှေ့တပတ်တုန်းက လာလာနိုးပေးသေးတယ် …

အခု တပတ်မှာ လာနိုးတော့ အရင်အပတ်လို မနိုးတော့ဘူး ဆရာ … ဘောက်ဆရာကပြောတော့ ဘောက်အစုံလိုက် လဲမှရမယ်ပြောတယ် …

ဆရာ တစ်ဆိတ်လာကြည့်ပေးပါလားဗျာ …


လိုအပ်သည့်အချက်လက်များမေးမြန်းပြီးနောက် … ဘာလုပ်ရမလဲသိပြီ …


အကိုလေး … ကားကဘယ်မှာတုန်းဗျ … မဟာန္ဓုလတံတားအဆင်းနားမှာပါ …


ကျွန်တော့် အကြိုက်ဆုံးမင်းသမီး Scarlett Johansson သည် ကျွန်တော့် ဇနီး နှင့် တစ်ဦးတည်း ဖြစ်ကြောင်းသိရှိ ရသောအခါ ဆိုတဲ့ခံစားချက်ပေါ်လာတယ် …


ကိုယ်တို့ ၅၂လမ်း ရန်ကုန်ရုံးနဲ့ နီးနီးလေးပဲလေ ..


မနက်ဖြန် မနက်ပိုင်း လာကြည့်ပေးပါ့မယ် အကိုလေး …


ကားဆီရောက်ရောက်ချင်း ထုံးစံအတိုင်း Fuse/Relay/Master switch အကုန်အပြန်အလှန်စစ် ပြီးမှ High Sensitivity Diagnostic Mode နဲ့ စက်ထိုးကြည့်ရင် တွေ့နိုင်ပါပြီလေ။ Battvery Master switch Shocked Circuit ကို Event History မှာတွေ့ရမယ်။ ဒါဆို ဘက်ထရီထောက်မှားတာဖြစ်နိုင်ချေရှိပါတယ်။ Engine Control module လုံး၀ စမ်းမရတော့တာမို့ အင်ဂျင်ဘောက်လဲရပါလိမ့်မယ်။ ကျန်တဲ့ဘောက်တွေကို အသေးစိပ် စစ်ကြည့်တော့ အကုန်လုံး Error တက်နေသော်ငြား Data Link Fault ဖြစ်နေလို့ ဘောက် အစုံလိုက်လဲရမယ့်အခြေနေတော့ မရှိပါလေ။


အစီစဉ်-၁ Engine ECU ၁လုံးချက်ချင်းမှာပြီး Volvo Server ကနေ ကားချယ်ဆီအတိုင်း MID128 ECU File Download လုပ်ထား၊


အစီစဉ်-၂

Volvo Japan မို့ MID128 Electrical System 98 ကို Euro Version 2 ပြန်ပြောင်းပြီး ခပ်သွက်သွက်ပဲ Program ပြန်ရေးလိုက်တယ်၊


အစီစဉ်-၃

အင်ဂျင်နိုးပြီ၊ Immo Off လုပ်၊ Gear system Calibration လုပ်၊ Lighting / Brake / Radio Calibration လုပ်ပြီးရင် အားလုံးပုံမှန်ပြန်ဖြစ်ပြီ။

အပြစ်တွေ့ပြီဆိုတော့ ကားဆရာတို့ မှတ်သားထားရမှာက ..

(၁) ဘက်ထရီငုတ်မမှားဖို့အထူးသတိထားရပါမယ်၊ Volvo ကားကြီးတွေမှာ Battery Main Switch ပါတာမို့လို့ ဘက်ထရီလဲမယ်ဆိုရင် မိန်းခလုတ်ပိတ်ပြီးမှ ဖြုတ်/တပ် လုပ်ရပါမယ်၊

(၂) မှားထိမိ ထောက်မိတယ်ဆိုရင် ချက်ချင်း ပြန်ဖြုတ်လိုက်ဖို့မနှောင့်နှေးပါနဲ့၊

(၃) Engine Control Fuse တွေကို သူ့သတ်မှတ်ထားတဲ့ခံနိုင်အား အမ်ပီယာ အတိုင်းသာ တပ်ဆင်ဖို့၊

(၄) မှားထောက်မိတာသိပြီး ပုံမှန်ပြန်တပ်ပြီးသော်လည်း အင်ဂျင်ချက်ချင်းပြန်မနိုးပါနဲ့အုံး၊ သော့ဖွင့်ရုံ ဒိုင်ခွက် မီးလင်းရုံလောက်သာ အရင်စမ်းပါ၊

(၅) Fuse Control Center မှာ တပ်ထားတဲ့ Fuse နဲ့ Relay တွေအကုန်တခုမကျန် စစ်ပြီး၊ ရှော့လုံး၀ကင်းမှသာ ဘက်ထရီငုတ်အမှန်တပ်ပြီး စက်မနိုးပဲ၊ Secondary ECU / Primary ECU / Support ECU အဆင့်ဆင့်အတိုင်း Diagnostic ပြန်စမ်းကြည့်သင့်ပါတယ်၊


(၆) ပုံမှန် Volvo ကားတစီးမှာ စက်နိုးစ လီဘာမနင်းပဲ Idle Engine Speed နဲ့ ဒိုင်နမိုထွက်အား 26v-27.7v ရှိနေရပြီး လီဘာ RPM1600-2000 နင်းရင် 28v-28.4 ထိသာရှိရပါမယ်။ အချို့ ပြန်ပြင်ထားတဲ့ ဒိုင်နမိုတွေမှာ မီးထွက်အား မမှန်တာမျိုးရှိတတ်လို့ အထူးသတိထားရပါမယ်။

ဒီကားမှာတော့ အင်ဂျင်ဖြု တစ်လုံးမှမပြတ်ပဲ အင်ဂျင်ဘောက် လောင်သွားတာမို့ ဆန်းတယ်ဆိုရပါမယ်။ သို့သော် ဘောက်အစုံလိုက်လဲစရာမလိုတာတော့ နှစ်သိမ့်စရာရှိပေတာပေါ့လေ။ လဲပြီးရင်တော့ ထုံးစံအတိုင်း ပရိုဂရမ်ပြန် ရေးပေးမှသာ အပြည့်ဝ အလုပ်လုပ်ပါလိမ့်မယ်။ ပရိုဂရမ်ပြန်ရေးပြီးရင်တော့ VECU Control Diagram အတိုင်း ဆက်စပ်စနစ်များကို Calibration အဆင့်ဆင့်လုပ်ရင် အကောင်းပကတိပြန်ဖြစ်ပါပြီ။

အပြန်မှာတော့ ဗိုလ်တထောင်သားမို့ထင်ပါရဲ့ ဗိုလ်တထောင်ဆိပ်ကမ်းက မိုးနံ့ပါတဲ့လေတွေရဲ့ ဖက်လှဲတကင်း နှုတ်ဆက်တာကို ခံယူရင်း.. အထပ်ထပ်တင်ထားတဲ့ ကွန်တိန်နာပုံကြီးကြားက မြစ်ပြင်ကျယ်ဆီ ထိုးဖောက် လှမ်းကြည့်လိုက်တော့…

သိပ်လှတဲ့ နေဝင်ချိန်မှာ သင်္ဘောကြီးတစ်စင်းတရွေ့ရွေ့ထွက်ခွာသွားလေရဲ့…

ဘယ်သူတွေ ဘာပြောပြော ဘယ်လောက်တားတား ဘာတွေဖြစ်နေဖြစ်နေ…

သူကတော့ ဦးတည်ရာ ပန်းတိုင်ဆီကို တရွေ့ရွေ့ခရီးနှင်နေဆဲပါ…

(ရင်နဲ့ရင်းတဲ့) ကိုရစ်ကီကျော် မြန်မာမော်တော် မန္တလေးရွှေမြို့တော် ၀၉-၇၈ ၅၅၅ ၉၁၁၉



351 views0 comments
bottom of page